မန္တလေး မတ် ၃၀
၂၀၂၅ ခုနှစ် မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၁၂ စက္ကန့်က ရစ်ချ်စတာစကေး(၇ ဒသမ ၇)အဆင့်ရှိသော သဘာဝဘေး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း အဆောက်အအုံ၊ လမ်းတံတားများ ထိခိုက်ပျက်စီးပြိုကျခြင်း၊ ရဟန်းသံဃာတော်များ၊ သီလရှင်များ ထိခိုက်ပျံလွန်တော်မူခြင်း၊ လူပုဂ္ဂိုလ်များထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်တွင် (၁)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ပျံလွန်၊ ကွယ်လွန်သွားကြသူများအတွက် (၁)နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနှင့်ရေစက်ချအမျှအတန်းပေးဝေခြင်းအခမ်းအနားကို မတ် ၂၈ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြု၍ ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်အမှူးပြုသည့် ပရိသတ်များက နာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော်အမှူးပြုပြီး ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ ရေစက်ချအမျှအတန်းပေးဝေခြင်း၊ အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်ချတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကြသော ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌ မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms.Gio Ping နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ကွယ်လွန်သွားကြသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးခဲ့ကြရမှုများအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ် အမှတ်တရစကားများ၊ ငလျင်ကာလအတွင်း၊ ငလျင်ကာလအလွန် ဆောင်ရွက်ခဲ့မှုများ၊ သဘာဝဘေးကြောင့် ဆုံးရှုံးမှ လျော့ပါးနိုင်သမျှ လျော့ပါးရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့၍ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များ ထည့်သွင်းဆောင်ရွက်နေမှုများကို ပြောကြားခဲ့ပြီးနောက် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အဆောက်အအုံများဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးပြီးနောက် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကြသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုကြကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)