မန္တလေး မတ် ၃၁
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ (၂၂)ကြိမ်မြောက်နှင့် (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းခန်းမတွင် ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာဆွေဆက်နှင့်ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့လွန်မဟာသိပ္ပံဘွဲ့ရ သုံးဦး၊ ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာဘွဲ့ရ ၉၅ဦး၊ ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘွဲ့ရ ၆ဝ နှင့် ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာဘွဲ့ရ ၄၅ ဦး တို့ကို ဘွဲ့လက်မှတ်များ အပ်နှင်းပေးပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)သည် တက္ကသိုလ်စတင်ဖွင့်လှစ်ချိန်မှ ၂၆ နှစ်တာကာလအတွင်း မဟာသိပ္ပံဘွဲ့ရသူ စုစုပေါင်း ၅၉ ဦး၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာရှင် ၈၉၃ ဦး၊ ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာရှင် ၆၄၂ ဦး၊ ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာရှင် ၇ဝ၇ ဦးနှင့် ဘွဲ့ကြိုဘွဲ့ရသူဦးရေ စုစုပေါင်း ၂၂၄၂ ဦးတို့ကို ဘွဲ့များချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)