မြင်းခြံမြို့ စည်ပင်သာယာဈေးကြီး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မြင်းခြံ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ စည်ပင်သာယာဈေးကြီး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

မြင်းခြံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် တာဝန်ရှိသူများက စည်ပင်သာယာဈေးကြီး အတွင်းရှိ မီးသတ်ရေငုတ်တိုင်များ၊ အပေါ့စား မီးသတ်စက်များ၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ် ယာဉ်များ ဝင်ထွက်သွားလာနိုင်ရေး လမ်းများအားစစ်ဆေးခြင်းနှင့် ရေဆိုးမြောင်းများ စနစ်တကျ စီးဆင်းကောင်းမွန်ရေး၊ အများသုံးအိမ်သာများ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးသည်။

မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြင်းခြံမြို့ အေးမြသီတာဈေး၊ စည်ပင်သာယာ ဈေးကြီးနှင့် စံပြဈေးတို့တွင်လည်း မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ မီးလက်တွေ့ငြိမ်းသတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)