ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဧပြီ ၁

ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ဖွင့်လှစ်ခဲ့သော မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီသည် ချင်းပြည်နယ်အတွင်းရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အသိပညာဟောပြောခြင်း ၊ လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့် အသက်မွေးပညာသင်တန်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲကို လည်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မော်တော် ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းတွင် ကျား ၁၅ ဦးတက်ရောက်ပြီး တစ်ဦးက အလုပ်ရရှိသကဲ့သို့ မုန့်မျိုးစုံလုပ်နည်း သင်တန်းတွင် ကျား ၁ ဦးနှင့် မ ၃၉ ဦး ပေါင်း ၄၀ ဦးတက်ရောက်ခဲ့ပြီး မတစ်ဦးက အလုပ်ရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီက စီမံချက်ပြည့်မှီအောင် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အသက်မွေးပညာသင်တန်းများဖွင့်လှစ်ခြင်းများ ဆောင်ရွက်နိုင်သည့်အတွက် အသိအမှတ်ပြုကြောင်းနှင့် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း စီမံချက်ပါအတိုင်း လစဉ်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး ၊ ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဟုန်းကီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်ကလည်းကောင်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် နည်းပြဆရာများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးမြတ်စံကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်ကို လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)