ပုသိမ်ကြီး မတ် ၃၁
နွေရာသီသို့ရောက်ရှိပြီး ပူပြင်းခြောက်သွေ့လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၃၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပုသိမ်ကြီးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ မြို့နယ်မီးသတ် ဒု-ဦးစီးမှူး ဦးရှိုင်းကွန့်မြူးနှင့် တပ်ဖွဲ့၀င်တို့ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာ ထားရှိစေရေး၊လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြှိသတ်ရေး ပစ္စည်းဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားနိုင်ရေးတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ ရပ်ကွက်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေဝတီ (ပုသိမ်ကြီး ပြန်/ဆက်)