ကျုံပျော်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကျုံပျော် ဧပြီ ၉

ပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ  စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့‌နံနက် ၁၀ နာရီက တေဇရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ဦးစွာနံရံကပ်စာစောင်ပြပွဲအားပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ ပြည်သူများစိတ်ဝင်စားစွာ ဖတ်ရှု‌လေ့လာကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နံရံကပ်စာစောင်တွင် ပြသထားသည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ရှောင်ရှားရေး ပညာပေးကိစ္စများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူးများကို၎င်း၊ ရာသီဥတုအလိုက် ကျန်းမာရေးဂရုပြုနေထိုင်စားသောက်သင့်သည့် ဗဟုသုတများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)