ကျုံပျော် ဧပြီ ၉
ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်း သွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျုံပျော်မြို့ (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က ရပ်ကွက်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ မိမိတို့ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား အသိပညာပေး ဟောပြောသည်။
ထို့နောက် ဆေးရုံအုပ်ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ရပ်ကွက်အတွင်းရှိ ဆေးဝါးလာရောက် ပြသသော ပြည်သူများအား တစ်ဦးချင်းအလိုက်ရောဂါစစ်ဆေးခြင်းများဆောင်ရွက်ကာ တိုင်းရင်းဆေး အခမဲ့ကုသခြင်း၊ ဆေးဝါးအခမဲ့ဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ပြည်သူများဝမ်းမြောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)