မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၉

ဧရာတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားအခြေခံသင်တန်းများကို မတ်လ (၁၀) ရက်နေ့မှ စတင်လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဂျူဒို၊ ကရာတေး၊ ဘောလုံးနှင့် လက်ဝှေ့သင်တန်းသားများ သရုပ်ပြခြင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး ထူးချွန်သောသင်တန်းသားများအား မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊နွေ ရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်းနှင့် နွေရာသီအားကစားအခြေခံသင်တန်းများတွင် ဘောလုံး၊ လက်ဝှေ့၊ စားပွဲတင် တင်းနစ်၊ ကရာတေး၊ ပြေးခုန်ပစ် တို့ပါဝင် ပြီး အဆိုပါသင်းတန်းတွင် သင်တန်းသား/သင်တန်းသူ (၁၈၀)ဦးရှိကြောင်း မြို့နယ်အားကစားနည်းစနစ်မှူး ဦးနိုင်လတ်၏ ပြောကြားချက်အရ သိရသည်။

ရဲကိုမောင်