ပုသိမ် ဧပြီ ၁၉
၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားမှူးက ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်သုံးဆင့်ရေပြင်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေတစ်သိန်းတို့ကို တစ်ပြိုင်တည်း ဘေးမဲ့လွှတ်ကာကုသိုလ်ပြုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၈ခုနှစ်၊ မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုတောင်းဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ အဘိုး၊ အဘွားတစ်ဦးချင်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ သက်ကြီးပူဇော်ပွဲ အခမ်းအနားအား “သာဓု” သုံးကြိမ်ခေါ်ဆိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိများသည် အဘိုး၊ အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွား (၉၉၀) ဦးအား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းသိန်း (၄၉၀) ကျော်အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)