ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ လှူဒါန်း

ကျောင်းကုန်း  ဧပြီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ (၇၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဆွမ်း‌ဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ်ပိုင်းက တာဦးကဉ္စနာရာမကျောင်းတိုက်မှ စတင်ကြွချီရာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းနှင့်ဇနီး ဒေါ်ဌေးဌေးထိုက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်းနှင့်ဇနီး ဒေါ်တင်တင်လှိုင်တို့ လာရောက်လောင်းလှူခဲ့ကြသည်။

နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြတ်ဘုရားနှင့်သံဃာတော်များ၊ သီလရှင်များက အမှတ် (၃) ရပ်ကွက်မှ စတင်ကြွချီလာကြပြီး၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်တို့ရှိ ဗဟိုမဏ္ဍပ်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများထံသို့ အလှူခံကြွချီခဲ့ကြသည်။

(၇၁)မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၄၆)ကျောင်းနှင့် သီလရှင်ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၄၈) ကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေချောမွေ့စေရန် လောင်းလှူခြင်းဖြစ်ပြီး ဆွမ်းဆန်တော်နှင့် ပစ္စည်းတန်ဖိုးငွေကျပ် (၅၄၆) သိန်းကျော်နှင့် လှူဖွယ်ငွေသားတန်ဖိုးငွေကျပ် (၅၃၁) သိန်းကျော်၊ စုစုပေါင်းငွေကျပ် (၁၀၇၈) သိန်းကျော် လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)