ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ (၁၇) ရက်နေ့ ညနေပိုင်းက ဝန်ကြီးများအိမ်ရာဝန်း၌ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိ‌ဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာဓိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ပုသိမ်မြို့တွင်းသို့ အန္တရာယ်ကင်းပရိတ်တော်များကို မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပေးတော်မူခဲ့ပြီး ပရိတ်ရေများအား မီးသတ်ယာဉ်များဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)