ပုသိမ် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ ကျွန်းခြား ကျောင်းတိုက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး ဦးဆောင်သော မြို့နယ်အဆင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းအဖွဲ့မှ ရွှေမြင်တင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေငှားဂရန် လျှောက်ထားခွင့်ရှိသူများ၊ ကျေးရွာမြေအား မြေငှားဂရန် လျှောက်ထားရန် ကနဦးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစသည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားမည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)