ကျောင်းကုန်း ဩဂုတ် ၅
စီမံကိန်း၊ ဘဏ္ဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ (Stimulus Package) ထုတ်ချေးပေးမည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက ဦးစားပေးကဏ္ဍများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုတ်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင် သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ် သည့်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် MSME လုပ်ငန်းများအား ထုတ်ချေး ပေးသွားမည်ဖြစ်ရာ ချေးယူလိုသူများက အဆိုပြုလွှာတွင်ဖြည့်စွက်၍ ဩဂုတ်လ(၁၀)ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ မရှင်းလင်းသည့်အချက်များကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(ပုသိမ်) သို့ ဖုန်းဖြင့် မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲ အခမ်းအနားသို့ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)