မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ  ဧပြီ ၂၄

ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးတော်မူနေသည့် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသသက်တော်ရှည် ဆရာတော်ကြီး ယာယီသီတင်းတော်မူမည့် ပြင်ဦးလွင်မြို့ရှိ သီးသန့်နားနေဆောင်သို့  မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ဧပြီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက လိုက်ပါပို့ဆောင်ခဲ့သည်။

ဦးစွာ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယအဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော်ရှည်ဆရာတော်ကြီး သီတင်းတော်မူနေသည့် ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်ရှိ မူလသိမ်ကျောင်းတော်ကြီးသို့ သွားရောက်ဖူးမြော်ပြီးနောက် သက်တော်ရှည်ဆရာတော်ကြီးနှင့်အတူ ပရိယတ္တိစာသင်တိုက်တိုက် အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တယာနိကနှင့်တပည့်သံဃာတော်များလိုက်ပါပြီး ယာယီသီတင်းတော်မူမည့် ပြင်ဦးလွင်မြို့ရှိ သီးသန့်နားနေဆောင်သို့ လိုက်ပါပို့ဆောင်ခဲ့ပြီး အဆိုပါ သီးသန့်နားနေဆောင်တွင်  သက်တော်ရှည် ဆရာတော်ကြီးအား ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ (၁/၇၀၀)မှ တပ်မှူးနှင့် အထူးကုသမားတော်ကြီးများ၊ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ဆက်ကပ်လှူဒါန်းပြီးနောက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည့်စောင့်ရှောက်မှုများပေးနိုင်ရန် ဩဝါဒများခံယူခဲ့ကြပြီး သက်တော်ရှည်ဆရာတော်ကြီးမှာ အဆိုပါသီးသန့်နားနေဆောင်တွင် ကျန်းမာရေးကောင်း မွန်စွာဖြင့် သီတင်းတော်မူလျက်ရှိသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါပြီး ပြင်ဦးလွင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကွင်းဆင်း စစ်ဆေးရာ ပြင်ဦးလွင်မြို့တွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ ယာဉ်အသုံးပြုသူများ၊ လမ်းအသုံးပြုသူများများပြားလာရာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောကြပ်တည်းမှုများမဖြစ်ပေါ်စေရေး၊ ဒေသထွက်ကုန် အခြေခံကုန်ပစ္စည်းများ ရောင်းဝယ်ဖော်ကားရာတွင်အဓိကကျသည့်တောင်ပေါ် မြေပြန့်ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး တို့တွင်များစွာအထောက် အကူပြုမည့် ရပ်ကွက်ကြီး (၂၁) မိုးကြိုး၊ လေးအိမ်စုရွာ၊ တောင်ပြိုရွာတို့မှ ပြင်ဦးလွင်မြို့တွင်းသို့ အနီးဆုံးဆက်သွယ်နိုင်မည့်  စုစုပေါင်းအရှည် (၅၃၀၀) ပေရှိသည့် လမ်းကြောင်း (၁) နှင့် စုစုပေါင်းအရှည် (၄၁၀၀)ပေရှိလမ်းကြောင်း (၂)  ဖောက်လုပ်သွားမည့် လမ်းအူကြောင်းများ၊ အကျယ် ၂၄ ပေ နှင့် အရှည် ပေ (၈၀) ရှိ Steel plate girder တံတားအသစ်နှစ်စင်းတည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း၊ ပွဲကောက်ရေတံခွန်အနီး ဂဲလောင်းချောင်းကိုဖြတ်၍ တည်ဆောက်ထားသည့်  မူလ(၁၅)ပေအကျယ် ဘေလီတံတား အား (၂၄)ပေအကျယ် သံကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ ပြင်ဦးလွင်ဘူတာနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(အထက(ခွဲ)အလက(၁)) ရှေ့ရှိအောင်ဇေယျလမ်းမအား ပေ(၁၅၀၀)အရှည်အထိ မူလ(၂၄)ပေအကျယ်အား ပေ(၅၀) အကျယ်(၄) လမ်းသွားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကတာဝန်ရှိသူများအား ဆောင်ရွက်မည့်လုပ်ငန်းများကို အမြန်ဆုံး စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားရန်တို့ကို မှာကြား၍လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)