ပုသိမ်ကြီး ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးများ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င်များ၊အရန်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်များ ပူးပေါင်း၍ ရပ်ကွက်လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေး၍ 191 report application ထည့်သွင်းပေးခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် မှာကြားခဲ့ပြီး မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပူပြင်းကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များတွင် အသိပညာပေး ဟောပြောပွဲများ၊လက်တွေ့ သရုပ်ပြသခြင်းများ၊ မီးဘေးဆိုင်ရာ အန္တရာယ်ဖြစ်စေမည့်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မေဝတီ (ပုသိမ်ကြီး ပြန်/ဆက်)