မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်သိင်္ဂီအောင် မြစ်သားမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး

မြစ်သား ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်သိင်္ဂီအောင်သည် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်)တို့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မြစ်သားမြို့၊  ရွှေသူဌေးရပ်ကွက်၊ အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တွေ့ဆုံ‌ဆွေးနွေးရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်သိင်္ဂီအောင်က မိတ်ဆက်အမှာစကား ပြောကြားရာတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ပြည်သူကို ရှေ့ရှုမျက်နှာမူ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ပုံရိပ်ကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရက်ပေါင်း (၁၀၀) အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အချိန်မီ တင်ပြဆောင်ရွက်ရန်နှင့် တောင်သူများအား ချေးငွေတိုးမြှင့်တင်ထုတ်ချေးပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်သားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ စီမံကိန်းလုပ်ငန်းများ လျာထားတင်ပြဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း တင်ပြဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးပြတ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်၊ မြစ်သားမြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သတ်မှတ်ရာသီအလိုက် သစ်ပင်၊ ပျိုးပင်များ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနအနေဖြင့် ကြိုတင်စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး (မြစ်သား)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်)တို့မှ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။    

ထို့နောက် မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မြစ်သားမြို့နယ်အတွင်း အုပ်ချုပ်‌ရေး၊ စီးပွားရေး၊ လူမှုရေး  စသည့် ဒေသဆိုင်ရာ အချက်အလက် အကျဉ်းချုပ်ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့‌ကြောင်း သိရသည်။

 မြစ်သားမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်သိင်္ဂီအောင်က နိဂုံးချုပ်စကား ပြောကြားကာ  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)