မြစ်သား ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များ ဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၈၃၅၀/-ကျပ်နှုန်းဖြင့် ဧပြီ ၂၃ ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဇာဇာအေး (မဇာ-ကုန်စုံဆိုင်-မြစ်သားမြို့)၊ ဦးအောင်စိုးမိုး (ကူမဲမြို့)၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ ကူမဲမြို့)၊ ဦးကိုကိုကြီး (နယူးဖန်စီဆီဆိုင်၊ ကူမဲမြို့)၊ ဒေါ်ကေသီအောင် (မြစ်သားမြို့)၊ ဦးဟိန်းသီဟဇော် (မြစ်သားမြို့)၊ ဦးရှိုင်းဝဏ္ဏ (ရှယ်လီဌေးဆီဆိုင်၊ ကူမဲမြို့) စသည့်ဆီကုန်သည် ၇ ဦးတို့က ရောင်းချပေးခဲ့သည်။
မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ၁ ဦးလျှင် ၂ ပိဿာနှုန်းဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၄၈ ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၉၀၅ ဦးတို့အား စုစုပေါင်း စားအုန်းဆီ ၅၈၁၀ ပိဿာကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)