ကျောင်းကုန်း ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့၏ကျက်သရေဆောင် မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်း ဆင်ယင်ကျင်းပအပ်သော (၄၁)ကြိမ်မြောက် နေ့/ည အသံမစဲ မဟာအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ဥူးလက္ခဏမှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် လည်းကောင်း၊ ဥူးဇဋိလမှ ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဥူးနန္ဒာစရိယထံမှ (၉)ပါးသီလခံယူဆောက်တည်ကာ ဥူးသီလာနန္ဒမှ အဘိဓမ္မာတရားတော်နာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ပြီး၊ ဥူးကုသလမှ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်နိုင်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာ ဘာဏကဆရာတော် သံဃာတော်များ၊ လူပရိတ်သတ်များက ပဌာန်းပစ္စယုဒ္ဒေသကို (၃)ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့၍ ဓမ္မသင်္ဂဏီ ကျမ်းတော်မြတ်မှစတင်ကာ သံဃာတော်(၂၅)ပါးတို့ဖြင့် ကဆုန်လပြည့်နေ့အထိ ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်သည်။
အဆိုပါ မဟာအဘိဓမ္မာ(၇)ကျမ်းများမှာ ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ္တိကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်းနှင့် ပဌာန်းကျမ်း စသည့်(၇)ကျမ်းအား (၇)ရက်၊ နာရီပေါင်း(၁၆၈)နာရီတိုင်တိုင် နေ့/ညအသံမစဲ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)