ကြံခင်း ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များအားဖော်ထုတ်၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် တလိုင်းကွင်းကျေးရွာအုပ်စု၊ အင်တိုင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာလုပ်ငန်းကော်မတီရွေးချယ်ခြင်းနှင့် ဦးစားပေးစီမံချက်လုပ်ငန်းရွေးချယ်ခြင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက အဆိုပါကျေးရွာရှိ ဓမ္မရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများအားလည်းကောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ဆောင်ရွက်မည့် ကိစ္စများ၊ ကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာလုပ်ငန်းကော်မတီဖွဲ့စည်းခဲ့ရာ နာယက၊ ဥက္ကဋ္ဌ အပါအဝင် ၈ ဦးကို ရွေးချယ်ဖွဲ့စည်းခြင်း၊ ဦးစီးပေးစီမံချက်လုပ်ငန်းရွေးချယ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြဆွေးနွေးချက်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်ပါဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)