ကျိုက်လတ် ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်လျှပ်စစ်စျေးတာဝန်ခံနှင့် စျေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေးကြီးအတွင်း မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်းမပြုရန်၊ ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်နှင့် အရည်အသွေးပြည့်မီသော ပစ္စည်းများသာအသုံးပြုရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ဈေးသူ၊ ဈေးသားပြည်သူအများ သိရှိစေရန် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးအတွက်ထားရှိသော အုတ်ရေလှောင်ကန်နှင့် သဘာဝရေကန်များအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)