ကြံခင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ စာ​ပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး(မွေး/ရေ) ရေးသားသော “ရင်ကိုယ်ထိဆဲလှိုင်းခတ်သံစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ရာ  Book Club ဥက္ကဋ္ဌ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က စာရေးဆရာ ခင်မောင်အေး (မွေး/ရေ) ရေးသားသော “ရင်ကိုယ်ထိဆဲလှိုင်းခတ်သံစာစုများ” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက ‘အရွယ်နှင့်အသိ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်)က ‘လူဖျင်းလူ့ညံမဟုတ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်လှလေး၊ ဒေါ်အိမြတ်နိုးနှင့် ဒေါ်ယမင်းလှိုင်တို့က စာအုပ်ပါခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club, Women Club အဖွဲ့ဝင်များ၏ အပြန်အလှန် ဆွေးနွေးမှုများအပေါ် ဆရာဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က သုံးသပ် ဆွေးနွေးပေးခဲ့သည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ် သိရှိအောင် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်းနှင့် လူငယ်များအသိပညာ ဗဟုတကြွယ်ဝလာ စေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)