ညောင်ဦးမြို့၌ အပူချိန် (၄၃.၂) ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာ

ညောင်ဦး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧပြီ ၂၄ ရက် ညနေ ၃ နာရီခွဲချိန်၌ အပူချိန် ၄၃.၂ ဒီဂရီစင်တီဂရိတ် (၁၀၉.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးအောင်ကိုမင်းထံက သိရသည်။

အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များအား လိုက်နာရန်လိုအပ်ကြောင်း ရာသီဥတုပူပြင်းခြင်းသည် ဘေးအန္တရာယ်များစွာကို ဖြစ်ပါ်လာနိုင်သောကြာင့် သတိပြုသွားလာနေထိုင်ကြရန် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ IPRD Nyaung U TikTok Page ၊ Telegram တို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်များကို အသိပညာပေးဖော်ပြထားသည်။ ညောင်ဦးမြို့နယ်တွင် ယခုနှစ် ဧပြီလ၌ အပူချိန် ၄၃.၂ ဒီဂရီစင်တီဂရိတ် (၁၀၉.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာပြီး အပူချိန်ထပ်မံမြင့်တက်လာနိုင်ခြင်းမရှိနိုင်ကြောင်း (အယ်လ်နီညို) ပူအိုက်ခြောက်သွေ့သော ရာသီဥတုနှင့် လာနီညာအေးသမစိုစွတ်ရာသီဥတု နှစ်ခုကြားတွင် ရောက်ရှိနေသောကြောင့် အပူချိန်ပြင်းထန်စွာ မြင့်တက်လာနိုင်မည့်အခြေအနေ နည်းပါးကြောင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် အပူရှောင်စခန်း (၄) ခုဖွင့်လှစ်ထားရှိကြောင်း၊ အပူအန္တရာယ်ကြုံတွေ့လာပါက ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။

ဒီပါလင်း (ပြန်/ဆက်)