ညောင်ဦးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချပြဆွေးနွေး

ညောင်ဦး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာ ဘက်စုံသုံးခန်းမအတွင်း နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ရက်(၁၀၀)စီမံချက်ကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြေနဲလေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်းမှူးများ၊ ကျေးရွာနေပြည်သူများတက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

မြို့နယ်မြေငှားဂရန်ချထားပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်မှ မြေငှားဂရန်ချထားရေးလုပ်ငန်းနှင့်ပတ်သက်၍ မြေငှားဂရန်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြေပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ကြောင်း၊ ဘဏ်မှာငွေချေးယူနိုင်မည်ဖြစ်ကြောင်း၊ တရားဝင်ပိုင်ဆိုင်မှုရမည်ဖြစ်ကြာင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် လုပ်ငန်းများအပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေစာရင်းဦးစီးဌာနမှ ကွပ်စိပ်၊ ကွပ်ကျဲတိုင်းတာဆောင်ရွက်ပါက ကျေးရွာပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ချပြဆွေးနွေးသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များအား ချပြဆွေးနွေးခြင်း၊ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များအား ချပြဆွေးနွေးခြင်း၊ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေေသည်။ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြေတိုင်းတာခြင်း၊ ကွပ်စိပ်ကွပ်ကျဲလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဆွေးနွေးသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်များ’ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စာရင်းပုံစံ (၆၆/၆)များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသော ကျေးရွာပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း