ကျောက်ပန်းတောင်း ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံခြင်းနှင့် တတိယအကြိမ် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံ ရှင်းလင်းခြင်း အခမ်းအနားကို၊ ဧပြီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီက မိတ်ဆက်စကား ပြောကြား၍ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်၍ ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဦးနေလင်းတို့က မိတ်ဆက် အမှာစကား ပြောကြား၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းမြင့်နှင့် ဦးနေလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ကော်မတီအတွင်းရေးမှူး ရဲမှူး နိုင်ဝင်းထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)