မြန်အောင်မြို့ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် (၂/၂၀၂၆) သင်တန်းဖွင့်လှစ်

မြန်အောင် ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် (၂/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အ.လ.က လက်ပံရပ်ကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းများ၌ သင်တန်းများဖွင့်လှစ်ပေးမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.လ.က လက်ပံရပ် ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် (၂/၂၀၂၆) သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။

ကျောင်းသားလူငယ်များ ကြက်ခြေနီစိတ်ဓါတ်ရှိပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကို ကူညီနိုင်‌ရန်နှင့်ကာကွယ်နိုင်ရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးသူနာပြုစုခြင်း အခြေခံသဘောတရားများနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သင်ကြားသွားမည်ဖြစ်ပြီး မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားတွင် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ဝင်းဗိုလ် (မြန်အောင်)