ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ တက်ရောက်

ပုသိမ် ဧပြီ ၂၅

နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို  ဧပြီ (၂၃)ရက်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် “ယခုအချိန်ကာလသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အသီးသီးဖြစ်တည်လာပြီဖြစ်ပါကြောင်း၊ ထို့အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ပြန်လည်ပေါ်ထွန်းလာပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ရက်ပေါင်း(၁၀၀)စီမံချက်များကို ရှင်းလင်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)စီမံချက်များကို ရှင်းလင်းခြင်းနှင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဌာနဆိုင်ရာများကို တွေ့ဆုံရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငါးနှစ်တာကာလ တာဝန်ယူဆောင်ရွက်စဉ်အတွင်း တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အဖက်ဖက်မှ ကဏ္ဍပေါင်းစုံအောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်သူကရွေးချယ်လိုက်သည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကိုအလေးထား၍ မှန်ကန်မြန်ဆန်သောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင်လည်း အဂတိလိုက်စားမှုကင်းအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လာမည့် ၂၀၂၆-၂၀၂၇ ပညာရေးနှစ်တွင် ပညာရေးစဉ်ဆက်မပြတ်စေရန်၊ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး လယ်ယာလုပ်ငန်းနှင့် အသက်မွေးသူများ များပြားပါကြောင်း၊ စားသုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကျေးလက်၊ မြို့ပြမကျန် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို ကြားလပ်မရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍနှင့်ပတ်သက်၍ လူငယ်များအတွက် အားကစားကွင်းများ ဖန်တီးပေးခြင်း၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ပြိုင်ပွဲများအပြင် ရပ်ကျေးအဆင့်အထိ ပြိုင်ပွဲများကျင်းပပေး၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးကို ဆောင်ရွက်ရာတွင် မြို့နယ်အလိုက် စီမံချက်ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူအများကို ဒုက္ခရောက်စေသည့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှုနှင့်ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အလိုက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်၍ သတင်းရယူ ကြိုတင်ထောက်လှမ်း ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့လက်အောက်ဝန်ထမ်းများ၏ စံနမူနာပြများဖြစ်အောင်ပြုမူနေထိုင် ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအေးချမ်းသာယာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ညီရင်းအစ်ကိုမောင်ရင်းနှမပမာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း" အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)