မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မော်လမြိုင်ကျွန်း ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အဖွဲ့ပိုင်ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၅) နာရီက အမှတ် (၅) ရပ်ကွက် မြို့မဈေးနှင့် အောင်သာယာဈေးတို့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ဈေးဆိုင်နှင့် ဆိုင်ခန်းများတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများကို စနစ်တကျထားရှိရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန် ရှင်းလင်းပြောကြားပြီးနောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်သူက ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် အသိပညာပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဈေးသူ၊ ဈေးသားများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်မီးသတ်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)