အိမ်မဲမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေး

အိမ်မဲ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်းရောင်းချနေသော လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းကြော်ဆိုင် အစရှိသည့် မီးသုံးစွဲသည့်ဆိုင်များအား သုံးစွဲပြီးသည့်အခါ စနစ်တကျမီးငြိမ်းသတ်ထားခြင်းရှိမရှိတို့ကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့ မြို့မစျေးကြီးတွင် ဆိုင်ခန်းပေါင်း (၄၆၅) ခန်းရှိပြီး မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် အပတ်စဉ် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့အနေနဲ့ အိမ်မဲမြို့မစျေးကြီးအတွင်းမှာ နံနက်ပိုင်းကနေစပြီး မီးသုံးစွဲနေတဲ့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းကြော်ဆိုင် အစရှိတဲ့ဆိုင်တွေကို မီးသုံးစွဲပြီးတဲ့အခါ စနစ်တကျ မီးငြိမ်းသတ်ဖို့နဲ့ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုန့်ပြန်ဆောင်ရွက်ဖို့ မီးသတ်ဆေးဗူးနဲ့ မီးငြိမ်းသတ်ပုံအဆင့်ဆင့်ကိုလည်း တစ်ခါတည်းပြောကြားပေးပါတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)