ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာအုပ်စုနှင့် ဝါးကမယ်ကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဒေးဒရဲ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက်၊ အလှူရှင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထဆောင်ရွက်ပြီးစီးခဲ့သည့် လာဇလတ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မအူပင်ဇုန် တာဝန်ခံဆရာတော် Roymond Wai Lin Tun၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်များဖြစ်ကြသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်နှင့် ဒေါ်ဇင်ပပအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ အဖွဲ့ဝင် ဗိုလ်မှူးရဲမင်းသိန်း၊ ကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအား ပြည်သူလူထုထည့်ဝင်ငွေ ငွေကျပ်သိန်း (၉၀၀၀) ကျော်ဖြင့် လမ်းအရှည် ပေ(၉၀၀ဝ)၊ အကျယ် (၁၃)ပေနှင့် ထု (၉) လက်မရှိ ကွန်ကရစ်လမ်းအား ဆောင်ရွက်ပြီးစီးခဲ့ရာ ကျုံသင်ကျေးရွာနှင့် ဝါးကမယ်ကျေးရွာရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာနိုင်ပြီး ပညာသင်အခွင့်အလမ်းများနှင့် လူမှုစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း