မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

မော်လမြိုင်ကျွန်း ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီကာလအတွင်း သောက်သုံးရေလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေဖြန့်ဝေလှူဒါန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဖြန့်ဝေလှူဒါန်းရာတွင် ရေတွင်းကုန်းကျေးရွာ၊ အလယ်ရေကျော်ကျေးရွာ၊ ကြက်ရှာကျေးရွာနှင့် ကစောင်းကျေးရွာတို့ရှိ ဒေသခံပြည်သူများအား နွေရာသီအပူချိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးမှုအခက်အခဲများကို လျော့ပါးစေရန်နှင့် ကျေးရွာနေပြည်သူများ၏ နေ့စဉ်ဘဝအဆင်ပြေချောမွေ့စေရန် ကျေးရွာ အုပ်စု (၅) အုပ်စု၊ ကျေးရွာပေါင်း (၄၈) ရွာ တစ်အိမ်ထောင်လျှင် (၁၀) ဂါလံနှုန်းဖြင့် သောက်သုံးရေစုစုပေါင်း (၄၈၅၃၀) ဂါလံအားဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းထံမှ သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)