ဖျာပုံမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဖျာပုံ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ ကွင်းအမှတ်(၅၄၁)၊ ဦးပိုင်အမှတ်(၉/၅)တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေ (၂၀)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ် ပြည့်ဝကာ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိပြီး မိုးစပါးအထွက်နှုန်း တိုးထွက်ရန်ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ပိုက်ဆံလျှော်မြေဩဇာ စုပေါင်းကြဲပက်ရာတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဥမ္မာအေးတို့က ဇင်းဘောင်ကျေးရွာအုပ်စုရှိ တောင်သူများ၏ လက်ဝယ်သို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးကြပြီး ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ ကွင်းအမှတ် (၅၄၁)၊ ဦးပိုင်အမှတ်(၉/၅) တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေ (၂၀)ဧကအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ကြဲပက်ကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ လယ်ယာမြေအတွင်း ထည့်သွင်းရခြင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပြီး မြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး (၂၀၉၀၅၉)ဧက စိုက်ပျိုးရန် လျာထားပြီး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို မိုးစပါးရေတော်မိုးတော်ဧက (၁၅၀၃၁၇)ဧက အတွင်း  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးရန်လျာထားပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ်ပြည့်ဝကာ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)