လပွတ္တာ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုတ်တောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ညနေ ၄ နာရီက လပွတ္တလုတ်တောင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်ကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာလပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ (ခ)ဦးဝင်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းနှင့် တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရင်မော်က ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းက ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်သည့် မြေအမျိုးအစားများနှင့် ကျေးရွာမြေငှားဂရန်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။
လပွတ္တာမြို့နယ်တွင် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) လှုပ်ရှားမှု ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းကို လပွတ္တာမြို့နယ် လပွတ္တလုတ်ကျေးရွာအုပ်စု၊ လပွတ္တလုတ်ကျေးရွာတွင် ကျေးရွာမြေ ၈.၉၄ ဧက ကို ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လပွတ္တလုတ်တောင်ကျေးရွာ၏ အလယ်ပွိုင့်မှစ၍ မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)