ကျုံပျော် ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဒေသတွင်း စာပေဝါသနာရှင်များ၏ သုတ၊ ရသစာပေများ ပြည့်စုံစွာဖော်ပြနိုင်ရန်ရည်ရွယ် ထုတ်ဝေမည့် ကျုံပျော်မြို့နယ်မဂ္ဂဇင်း ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ပြုလုပ်သည်။
ဦးစွာ မဂ္ဂဇင်းဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်ဆောင်းက အနှစ်သာရ ပြည့်စုံသည့် မဂ္ဂဇင်းဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းနိုင်ရေးနှင့် စာမူရွေးချယ်ရေးကိစ္စများ၊ ထပ်မံထည့်သွင်းမည့် ဒေသဖွံ့ဖြိုးရေးကိစ္စများအား အကြုံပြုဆွေးနွေးပြီး တက်ရောက်လာသည့် စာရေးဆရာများနှင့် ကော်မတီဝင်များက စာမူများလက်ခံရရှိမှုနှင့် စာပေကဏ္ဍစုံပါဝင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ မဂ္ဂဇင်းတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများ၊ မြို့နယ်အတွင်းမှ ပေါ်ထွန်းခဲ့သည့် အထင်ကရ ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ ပြည်သူ့အကျိုးပြု စာပေများ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတိုများ အပါအဝင် ကရင်နှင့် အင်္ဂလိပ်ဘာသာ စာပေအရေးအသားများကိုပါ ကဏ္ဍစုံလင်စွာဖြင့် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းမှ စာပေဝါသနာရှင်များ၏ စာမူများကို (၁၅.၅.၂၀၂၆) ရက်နေ့အထိ နောက်ဆုံးထားကာ သတ်မှတ်နေရာများတွင် ရေးသားပေးပို့နိုင်ကြောင်းဖြင့် သိရသည်။
မြို့နယ်(ပြန်/ဆက်)