လပွတ္တာမြို့နယ်အတွင်းရှိ စျေးများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လပွတ္တာ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်မီးသတ်စီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်ညနေ ၅ နာရီက အမှတ် (၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိမ်းကိုကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ဈေးဆိုင်ခန်းများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့် ထားရှိမှုများကို စစ်‌ဆေးခဲ့ကြပြီးဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့်ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ အစားအစာချက်ပြုတ်ရောင်းချသည့်ဆိုင်များအား မီးကြွင်း၊ မီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များကို အကြံပြုလမ်းညွှန်မှာကြား ခဲ့ကြကြောင်း သိရသည်။

လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ နေအိမ်များမီးဘေးလုံခြုံရေးကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)