ပြင်ဦးလွင် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ပြင်ဦးလွင်လူရည်ချွန်စခန်းသို့ ရောက်ရှိလာသည့် Grade-9 လူရည်ချွန်မောင်မယ်များ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်ရှေ့ လူရည်ချွန်စခန်းမုခ်ဦး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့၀င်များ၊ ပြင်ဦးလွင်လူရည်ချွန်စခန်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူရည်ချွန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ်များအား ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက ပန်းကုံး၊ ပန်းစည်းများ၊ အောင်သပြေခက်များဖြင့် လက်ကမ်းကြိုဆိုကြပြီး ရှမ်းအိုးစည်အက၊ တိုးနယားအကအလှတို့ဖြင့် သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်းအား ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ လေ့ကျင့်ကြသည်။ ယင်းနောက် လူရည်ချွန်ကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရွှေနန်းထိုက်ဟိုတယ်၌ ဆက်လက်ကျင်းပသည်။ ညနေပိုင်းအချိန်၌ တည်းခိုရပ်နားသည့် ရွှေနန်းထိုက်ဟိုတယ်တွင် လူရည်ချွန်မောင်မယ်များအချင်းချင်း မိတ်ဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင် (ပြန်/ဆက်)