စဉ့်ကိုင် မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးဆောင်ရွက်နိုင်ရေး ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို သိန္ဒီကုန်း ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ ဖားလင်ပိုးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အမှာစကား ပြောကြားပြီး မြေငှားဂရန်ထုတ်ပေးမည့် စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲသူရက မြေဂရန်ရရှိရေးဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်၊ မြေဂရန်ရရှိပြီးနောက် ရရှိမည့် အမွေဆက်ခံခွင့် ဆိုင်ရာများ၊ လွှဲပြောင်းရောင်းချခြင်းဆိုင်ရာများ စသည့်အကျိုးကျေးဇူးများနှင့် မြေဂရန် လျှောက်ထားရာတွင် လိုအပ်မည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ရာ ဒေသခံများမှ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် သိန္ဒီကုန်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာအတွင်း မြေတိုင်းမှတ်တိုင်များ စိုက်ထူနိုင်ရေးနှင့်မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စွာ (စဉ့်ကိုင်)