ထားဝယ်မြို့၌သဘာဝပိုးသတ်ဆေးဖျော်စပ်ခြင်းနှင့် ဓါတုပိုးသတ်ဆေးဖျော်စပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းပို့ချ

ထားဝယ်    မေ ၇

တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝပိုးသတ်ဆေးဖျော်စပ်ခြင်းနှင့် ဓါတုပိုးသတ်ဆေးဖျော်စပ်သုံးစွဲ ခြင်း နည်းပညာပေးသင်တန်းကိုယနေ့နံနက် ၉ နာရီ က ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်အေးသန္တာစိုးက မိုးစပါးရာသီတွင် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချ သုံးစွဲနည်းလမ်းများမိုးကာလစိုက်ပျိုးမည့်ဖျက်ပိုးများကျရောက်မှုကို ကာကွယ်နှိမ်နင်းခြင်းဆောင်ရွက်ရာတွင် သဘာဝပိုးသတ်ဆေးဖျောင်စပ်သုံးစွဲပုံနှင့် ဓါတုဆေး စနစ်တကျသုံးစွဲပုံနည်းစနစ်များကို အသိပညာပေးဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာသော တောင်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)