မြင်းခြံမြို့၌ အခြေခံမွေးမြူရေး အသိပညာပေးသင်တန်း ဖွင့်လှစ်

မြင်းခြံ မေ ၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူများအတွက် အခြေခံမွေးမြူရေး အသိပညာပေးသင်တန်းကို မေ ၆ ရက် နံနက် ၉ နာရီမှစ၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

“ကျေးလက်နေပြည်သူများ မွေးမြူရေး အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် မှန်ကန်သည့် မွေးမြူရေးစနစ်များ ရရှိစေရန် ရည်ရွယ်ပြီး နွား၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ် အခြေခံမွေးမြူရေး သင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ပါတယ်။ သင်တန်းမှာ အခြေခံမွေးမြူနည်းအပြင် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နည်း၊ တိရစ္ဆာန် အစာစိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်”ဟု ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်နိုင်က ပြောသည်။

အဆိုပါ အခြေခံမွေးမြူရေး အသိပညာပေးသင်တန်းကို မေ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)