တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုတ်ပြင်းလေဆိပ်အဆောက်အအုံကြည့်ရှုစစ်ဆေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ

ဘုတ်ပြင်း   မေ   ၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် နံနက်ပိုင်းက  ဘုတ်ပြင်းလေဆိပ်အဆောက်အအုံအသစ်ဆောက်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လေဆိပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လေဆိပ်တာဝန်ခံက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဘုတ်ပြင်းဒေသဟာ တိုင်းဒေသကြီးရဲ့ တောင်ပိုင်းမှာရှိပြီး သဘာဝအရင်းအမြစ်များ၊ ကမ်းရိုးတန်းဒေသများ၊ ကျွန်းစုများနှင့်တည်ရှိသည့်နေရာဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် လုပ်ငန်းကဏ္ဍများအလိုက်တာဝန်များကို စနစ်တကျဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့အတွက် ဝန်ဆောင်မှုပေးရာတွင် ညင်သာပျူငှာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အချိန်မီဆောင်ရွက်နိုင်မှု ၊ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်သူများ၏ယုံကြည်မှုရရှိရန် ဝန်ထမ်းများအနေဖြင့် သန့်ရှင်းသည့်စိတ်ထား၊ တိကျမှန်ကန်သော လုပ်ရပ်များနှင့်စည်းကမ်းလိုက်နာမှုတို့ဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ပညာရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊  သောက်သုံးရေဖူလုံရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ လူမှုကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည်ပြည်သူလူထု၏နေ့စဉ်ဘဝနှင့် တိုက်ရိုက်ဆက်နွယ်နေသည့်ကဏ္ဍများဖြစ်ပါကြောင်း၊ သက်ဆိုင်ဌာနများအနေဖြင့် လုပ်ငန်းကဏ္ဍများအလိုက်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြ၍ ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသလိုအပ်ချက်များ၊ ပြည်သူများရဲ့အကျိုးစီးပွားနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ဘုတ်ပြင်းဒေသတွင် နောင်ဖွံ့ဖြိုးလာမည့်စီးပွားရေးလုပ်ငန်းအနေဖြင့် သဘာဝအရင်းအမြစ်ကို အခြေခံ၍ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ကျန်းမာရေးစသည့် ကဏ္ဍများတွင်လည်းကျေးလက်နှင့် မြို့ပြကွာဟမှုနည်းသထက်နည်းအောင်စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချက်အလက် မှန်ကန်ပြည့်စုံစွာ တင်ပြပေးစေလိုပါကြောင်း၊ သို့မှသာ ကိန်းဂဏန်းအချက်အလက်ကိုအခြေခံသည့် စီမံကိန်းလုပ်ငန်းများ မြေပြင်မှာ ထိရောက်အောင်မြင်မည်ဖြစ်ပြီး အလေးထားဆောင်ရွက်ကြရန်နှင့်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးက ပြည်သူ့အကျိုး၊ ဒေသအကျိုးနှင့်နိုင်ငံတော်အကျိုးကို ဦးထိပ်ထားပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ချက်များနှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်က သက်သေခံပစ္စည်းများထားရှိမည့် အဆောက်အဦနှင့်အခြားလိုအပ်ချက်ကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဏ္ဍအလိုက် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ပရိယတ္တိစာသင်တိုက်နှင့် ရွှေဘုံသာရပ်ကွက်ရှိ အောင်မေတ္တာ တောရကမ္မဋ္ဌာန်းကျောင်းသို့ သွားရောက်၍ ဆရာတော်သံဃာတော်များထံ ဆွမ်း၊ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းရှင်ဦးမောင်လေး၏ မြေနိမ့် ကော်ဖီ(Robusta Coffee)စိုက်ပျိုးမှုမှတစ်ဆင့် ဒေသထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်လျက်ရှိသည့် ကော်ဖီအမှုန့်ထုတ်လုပ်နေမှု အဆင့်ဆင့်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)