မြစ်သားမြို့နယ်၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းဖွင့်လှစ်

မြစ်သား မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဖြစ်သည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြုလက်သမားသင်တန်းကို မေ ၅ ရက် နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်က  အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က နိုင်ငံတော်အစိုးရအနေဖြင့် မြို့နေလူထုနှင့်ကျေးရွာနေ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကွားဟမှုမရှိစေရေး၊ လူမှုစီးပွားဘဝမြင့်မားစေရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးနေကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာက ယခုဖွင့်လှစ်ပေးသော အသက်မွေး၀မ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ပြီး အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် မိသားစုဝင်ငွေလွယ်ကူစွာရရှိနိုင်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် သင်တန်းကို  ကင်းစိန်စျေးအုပ်စု ကင်စိန်စျေး(အရှေ့)မှ သင်တန်းသား ၅ ဦး၊ ကျွဲတပ်ကျေးရွာအုပ်စု၊ ရွှေကုန်းကျေးရွာမှ ၅ ဦး၊ သီလင်ကျေးရွာအုပ်စု၊ ခန္တီလေးကျေးရွာမှ ၅ ဦး၊ လက်ပံဆိပ်အုပ်စု၊ ကူဖြူကျေးရွာမှ ၅ ဦး စုစုပေါင်းသင်တန်းသား ၂၀ တို့တက်‌ရောက်ခဲ့ပြီး သင်တန်းကာလကို မေ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက သင်တန်းသားများကို သင်ထောက်ကူ ပစ္စည်းပေးအပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော်၊ မြစ်သားမြို့နယ်တိုင်း ဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)