သရက်ချောင်းမြို့နယ်၌ မိုးစပါးသက်နု(SRI)စိုက်ပျိုးရေးနည်းစနစ် နည်းပညာပေးသင်တန်းဖွင့်

သရက်ချောင်း မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈နာရီက ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးသက်နု(SRI)စိုက်ပျိုးရေးနည်းစနစ် နည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းက ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးရာသီတွင် မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များစွာသည့်အနက် မျိုးစေ့အကုန်အကျသက်သာပြီးပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ခြင်း၊ ဒေသရေမြေနှင့်
ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာသော တောင်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်၍ဆွေးနွေးပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သရက်ချောင်းမြို့နယ်အတွင်းရှိ ပန်းတော၊ မြို့မ၊ ပိန်းတော၊ ကဇိကျေးရွာများမှ တောင်သူ ၃၈ဦးတက်ရောက်ခဲ့ကြောင်း ရက်(၁၀၀)စီမံချက်အတွင်း စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)