လောင်းလုံးမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့်နည်းလမ်းများ နည်းပညာပေးသင်တန်းဖွင့်လှစ်

လောင်းလုံး မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ယနေ့နံနက် ၉နာရီက ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့်နည်းလမ်းများ နည်းပညာပေးသင်တန်းကို ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်က ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးရာသီတွင် မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တောင်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်၍ဆွေးနွေးပေးခဲ့ကြောင်းနှင့်အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ တောင်သူ ၅၂ဦး တက်ရောက်ခဲ့ကြောင်း ရက်(၁၀၀)စီမံချက်အတွင်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနးမှူး ဦးဟိန်းထက်ပိုင်ထံမှ သိရသည်။

သိန်းသိန်း(လောင်းလုံး)