မြောင်းမြမြို့တွင် “လောကဥသျှောင်ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် “လောကဥသျှောင် ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်က ဦးနုချောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ စတင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဇေယျမေဒနီ ဆရာတော်ဘုရားကြီးထံမှ () ပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များထံသို့ ဧရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း‌ရင်းသားရေးရာဝန်ကြီး ဦးမန်းသိန်းကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြောင်းမြ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ငှက်ပျောဖူး၊ ဇွန်လေးပန်း(၃)ခု၊ ဘုံဆင့်(၅)ဆင့်နှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္ထုများအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်လေးပုံ၊ ဆပ်သဖူးတော်နှင့် ဘုံဆင့်ဆင့် ထီးတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ကြိမ် လှည့်လည်ပူဇော်ခဲ့ပြီး မင်္ဂလာအခါတော် အချိန်နာရီရောက်ပါက မင်္ဂလာစည်တော်၊ မင်္ဂလာမောင်း၊ မင်္ဂလာကြေးစည်(၉)ကြိမ် တီးခတ်၍ ပန်းရထားဖြင့် ပင့်ဆောင်တော်မူခဲ့သည်။ ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များက “လောကဥသျှောင်ရွှေဘုန်းခေါင်း” စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ပေးခဲ့သည်။

၎င်းနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)