ကျိုက်လတ် မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘက်ဂျက်မှ အဖွဲ့အစည်းများ၊ ဌာနများအတွက် ရင်းနှီးမြှပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် (၃၁၁၂.၆) သန်း သုံးစွဲရန် လျာထားပြီး ၎င်းအသုံးစရိတ်၏ (၉၇) ရာခိုင်နှုန်းဖြစ်သည့် ကျပ် (၃၀၄၅.၉)သန်းအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေး၊ ဆည်မြောင်းစသည့် လုပ်ငန်းများတွင် ပြည်သူများအား တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများအား ဦးစားပေး လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမို အကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ကိုကို၊ ဦးဇော်ဝေထက် နှင့် ဦးစိန်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်တို့က ဒေသန္တရစီမံကိန်းများ ဆောင်ရွက်မည့် ဌာနများအား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)