ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ ပုသိမ်ကြီးရှိ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

ပုသိမ်ကြီး မေ ၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ ပုသိမ်ကြီးသို့ မေလ ၇ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်အဖွဲ့ဝင်များ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေဆုံသည်။

ဦးစွာ ကျောင်းခန်းမဆောင်၌ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး) ကျောင်းအုပ်ကြီး ဒေါက်တာလှမိုးခိုင်က ပြည်ထောင်စုဝန်ကြီးအား ကျောင်း၏ သင်ကြားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးပိုင်း ဆရာ၊ ဆရာမ လိုအပ်ချက်များ၊ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများအား ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်း၏လိုအပ်ချက်များ၊ သင်ကြားရေးပိုင်းမှာ ပိုမိုကျယ်ပြန့်စွာ လေ့လာ၍ သင်ကြားပြသနိုင်ရေး၊ ကျောင်းသားကျောင်းသူများ အားကိုးထိုက်သည့် ဆရာသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်ပြောကြားသည်။ ကျောင်းမှချမှတ်ထားသည့် စည်းကမ်းများအား လိုက်နာကြရန်၊ ကျန်းမာရေး၊ လုံခြုံရေး၊ ဥပဒေနဲ့အညီ လိုက်နာနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ ရွှေဘို၊ လုံပီး၊ ပုသိမ်ကြီးတို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကိုပြန်/ဆက်