တောင်ကြီး မေ ၈
သစ်ပင်သစ်တောများ၏ ဂေဟစနစ်များပျက်စီးမှုကိုတားဆီးရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရန်နှင့် လူနေမှုပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုရှိစေရန်ရည်ရွယ်၍ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် နှစ်စဉ်ပွင့်လင်းခြောက်သွေ့ကာလများအတွင်း တောမီးလောင်ကျွမ်းမှု Fire Hotspot ဖြစ်ပေါ်မှုအကြိမ်ရေများမြင့်မားပြီး နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုများဖြစ်ပေါ်လေ့ရှိပါကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုကာကွယ်လျော့ချရေးလုပ်ငန်းများကို မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းညှိနှိုင်းစီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။ ထို့နောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး နယ်စပ်ရေးရာဌာန ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ချွမ်ဖော့နရက်ကေ့က တော်မီးလောင်ကျွမ်းမှု စောင့်ကြည့်ရေးအတွက် ကွန်ပျူတာတပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နယ်စပ်ရေးရာဌာနညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးချွမ်ဖော့နရက်ကေ့က တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်းနှင့် စပ်လျဉ်းသည့် ပစ္စည်များကို ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးထံ လွှဲပြောင်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းများကို မေလ(၇)ရက်နေ့မှ (၈)ရက်နေ့ထိ သင်တန်းသား(၁၄)ဦးအား (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မင်းသန့်(ပြန်/ဆက်)