မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းပူး‌ပေါင်းအစီအစဉ်ဖြင့် ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် အထွက်ကောင်းပဲပုပ်မျိုး (ရေဆင်း-၁၅) စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြ

မိုးနဲ မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းပူး‌ပေါင်းအစီအစဉ်ဖြင့် ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် အထွက်ကောင်းပဲပုပ်မျိုး (ရေဆင်း-၁၅) စိုက်ပျိုးထုတ်လုပ်မှုကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၉၈)၊ တောင်သူ ဦးစိုင်းသန်းထွန်း၏ လယ်မြေနေရာတွင်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ဦးစွာ မိုးနဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးမို့မို့ထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးတို့က ပဲပုပ်စတင်စိုက်ပျိုးချိန်မှရိတ်သိမ်းမည့်အချိန်အထိ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပဲမြစ်ဖုမြေဩဇာသုံးစွဲခြင့်ဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စီမံကိန်းအစီအစဉ်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံတောင်သူများက ထွက်နှုန်းကောင်းပဲပုပ်မျိုး (ရေဆင်း-၁၅)ပဲပုပ်စိုက်ခင်းအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)