ကျောက်ပန်းတောင်း မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းတို့ကို မေ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်၍ စံပြရပ်ကွက်ရှိ ဆွမ်းလောင်း ဓမ္မာရုံတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ခင် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်များ ထုတ်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ ယနေ့တွင် စံပြရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေး၍ UID ကတ်များ ထုတ်ပေးခြင်းဖြစ်သည်။ ဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို၊ မွန်းလွဲ ၂ နာရီခွဲတွင် ဆက်လက်ပြုလုပ်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က နိုင်ငံတော် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးအောင်ခင်က လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်ဦးစီးမှူး တို့က ဆောင်ရွက်ပြီးစီးသည့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ရရှိသူ ၂၂ ဦးနှင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူ ၁၅ ဦး စုစုပေါင်း ၃၇ ဦးတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ဆောင်ရွက်ပြီစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခင်(လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)