တပ်ကုန်း မေ ၈
နေပြည်တော်ကောင်စီဝင်ဦးအောင်ဇေယျသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဒေသဖွံ့ဖြိုးရေးနှင့်ဌာနဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအသီးသီးရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက ဒေသဖွံ့ဖြိုးသာယာရေး၊ ကုန်ထုတ်လုပ်မှုများတိုးချဲ့ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်၊ ကျေးရွာများချိတ်ဆက်ဆောင်ရွက်ရေးနှင့် ဌာနဆိုင်ရာများလုပ်ငန်းကိစ္စတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးအောင်ဇေယျနှင့်တာဝန်ရှိသူများ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင်ရက်(၁၀၀) စီမံချက်လုပ်ငန်းအဖြစ် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအားကြည့်ရှုစစ်ဆေးခဲ့ရာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်လင်းထက်က ညောင်ပင်သာကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းကျင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်ရဲကိုက ညောင်ပင်သာကျေးရွာ၊ နဝင်းချောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား တင်ပြရှင်းလင်းခဲ့ရာ နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက် ပြေည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့်တာဝန်ရှိသူများရွေးစုကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမသို့ နေပြည်တော်ကောင်စီဝင်က မျိုးကောင်းမျိုးသန့်များ ရွေးချယ်ဆောင်ရွက်ရေး၊ တပိုင်တနိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဂရုတစိုက်ဆောက်ရွက်ပါက မိသားစုတစ်ခုလုံး စားဝတ်နေရေးအဆင်ပြေကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က စိုက်ပျိုးရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဆောင်ရွက်သည့် အစီအစဉ်ဖြင့် အိမ်ခြံဝန်းသီးနှံတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရေးတစ်အိမ်ထောင်လျှင် ခရမ်း(၁၀)ပင်၊ ငရုတ်(၁၀)ပင်၊ ပျိုးများကို အိမ်ထောင်စု(၅၀)အတွက် ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့်တာဝန်ရှိသူများ ရှောက်ကုန်းအုပ်စု၊ ကွင်းအမှတ်(၁၄၁၂/၁၄၁၁)တွင် အဆင့်မြှင့်စနစ်တကျလယ်ယာမြေ ဖော်ထုတ်မည့်အခြေအနေ အား ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ရှောက်ကုန်းကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
တင်စိုးလွင်