ရေကြည် မေ ၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံချက်အရ မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး၊ ထို့အပြင် မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများ၊ စီးပွားဖြစ် မွေးမြူရေးခြံများနှင့် တိရစ္ဆာန်အစာ၊ ဆေးဆိုင်များ စာရင်းကောက်ယူခြင်း၊ ခြံများအတွင်း ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းများကိုလည်း တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစီမံချက်ပါ လုပ်ငန်းစဉ်များအနက် ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ်ရှိ မအူကုန်ကျေးရွာအုပ်စု ဒေါင့်မှန်ကုန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီဌာန ဦးစီးမှူး ဒေါက်တာကျော်ဇာနည်အောင်တို့မှ ဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများပူးပေါင်းကာ ကျွဲ၊ နွား စုစုပေါင်း (၁၂၀) ကောင်အားဒေါင့်သန်းရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)